Thursday, March 5, 2009

တိတ်ဆိတ်နေတဲ့ညကလေး

 

သူ လက်ကိုင်ဖုံးနှစ်လုံးကိုလက်ထဲ ကိုင်ပြီးတစ်လှည့်စီ အလှည့်ကျ ခေါ်နေမိပါတယ်၊ ကမ်းလွန်ပင်လယ်မှာ operation ရှိနေချိန်ဆိုတော့ signal ကလည်း မမိတစ်ချက် မိတစ်ချက်၊ ဖုံးတွေမှာ ပေါ်ပေါ်လာတတ်တဲ့ စကားလုံးတွေကလည်း စာဖွဲ့လို့ရှိလျှင် ကျမ်းတစ်အုပ်စာမျှပင်ရှိမလားမသိ၊ အမျိုးမျိုးမှ အမျိုးမျိုးပါ၊

The number is not in use.

- - - Disconnected.

 

ဘာတွေမှန်းလည်းတော့ သူ မသိပါ၊ မနက်ကတင် ဖုံးဆက်တော့ အကောင်းကြီး၊ အခုချက်ခြင်းကြီး သည်နံပါတ်ကို အသုံးမပြုတော့ဘူးဆိုတော့ ဘယ်လိုမှမဖြစ်နိုင်၊ သူအလုပ်လုပ်နေတဲ့ အင်ဒိုမှာ sim card တစ်ကဒ်မှ တစ်ဒေါ်လာခွဲသာသာ နှစ်ဒေါ်လာတောင်မပြည့်တော့ သူ့ မှာ sim card တွေက အများကြီး၊ ဖုံးနှစ်လုံးမှာ sim card တစ်ခုစီ၊  Flash မိုဒမ်းမှာက အင်တာနက်အတွက် time base နဲ့ volume base card တွေကို အဆင်ပြေသလို အလှည့်ကျ လှည့်သုံးနေတော့ အားလုံးပေါင်းရင် လောလောဆယ် သုံးနေတာတင် လေးကဒ်၊ တစ်ခြားတယ်လီဖုံးကုမ္ပဏီတွေက ကဒ်တွေကလည်း သူ့ မှာရှိပါသေးတယ်၊ အဲလောက် ကဒ်တွေပေါနေတော့ တစ်ခြားလူတွေလည်း ကဒ်တွေပေါနေမှာ သေချာပါတယ်၊ ဟုတ်တယ် တစ်ခါတစ်လေ ပရိုးမိုးရှင်းချတယ်ဆိုပြီး free talk တွေကလာသေးတော့ အကုန်လုံးဝိုင်းပြောနေကြပြီး ညဘက်ကျ သူတို့လို oversea call သမားများအတွက် လိုင်းကကျပ်နေရော။

 

စဉ်းစားကြည့်လိုက်တော့ သူအလုပ်လုပ်နေတဲ့ ကမ်းလွန်မှာ အလုပ်လုပ်နေတဲ့သူတွေအားလုံး လက်ကိုင်ဖုံးတွေနဲ့၊ လက်ကိုင်ဖုံးကလည်း ဒေါ်လာနှစ်ဆယ်သာသာကနေ ထောင့်ငါးရာကျော် အထိ ရှိပါတယ်၊ သည်တော့ ဝင်ငွေအလျှောက် လူတိုင်းလိုသုံးကြပါတယ်၊ သူတောင် သည်ရောက်မှ ဖုံးနဲနဲ ကောင်းတာ ဝယ်သုံးလေ့ရှိလာပါတယ်၊ သည်ကမ်းလွန်မှာ အလုပ်လုပ်နေတဲ့သူတွေကလည်း အိမ်မှာ ငပိနဲ့စားရင်စားမယ် လက်ကိုင်ဖုံးကောင်းတာ နဲ့ ဆိုင်ကယ်ကတော့ လူတိုင်းလိုလိုရှိပါတယ်၊ ဆိုင်ကယ် ကလည်း credit နဲ့ဝယ်လို့ရတယ်လေ။

ရယ်စရာတော့ကောင်းတယ် လက်ကိုင်ဖုံးကို 3G ,3.5G speed မြန်တာတွေဝယ်ပြီး ကမ်းလွန်မှာ မသုံးတတ်တဲ့သူတွေက ခပ်များများရယ်၊ ထမင်းချက်တစ်ယောက်ကတော့ သူ့ကို ခင်လို့လာပြောဖူး ပါတယ်၊

“ကိုကိုရေ ငါတို့တွေဖုံးကောင်းကောင်းသာဝယ်သုံးနေတာ ဖုံးခေါ်တာကလွဲပြီး အထဲက function တွေဘာမှန်းသိတာ လူနဲနဲဘဲရှိတယ်” တဲ့။

အချောင်ရတဲ့ပိုက်ဆံတွေရှိနေတော့ သည်လိုဘဲလွယ်လွယ်သုံးပစ်လေ့ရှိပါတယ် ဒါတွေက သည်ကလူတွေ ကိစ္စပါ၊ အခု သူ ဖြစ်နေတာက ဖုံးခေါ်လို့ခက်နေတာပါ။

 

မိုးစက်မေ အပေါ်ထပ်တက်လိုက် အောက်ထပ်ဆင်းလိုက်နှင့် သူမ၏မိသားစုများကပင် မျက်စိနောက် နေကြရ၏၊

“ဟဲ့ မိုးစက် နင်ဘာဖြစ်နေတာလဲ”

သူမ၏ အစ်မကြီးကို သူမ ဘာမှပြန်မပြောဖြစ်၊ ကိုကို့ ဆီကဖုံးခေါ်နေတာ အတော်ကြာနေပြီ၊ ကိုကို့အသံကို သူမ ကောင်းကောင်းကြားနေရပြီး သူမပြောတာကို ကိုကိုကြားရဟန်မတူ၊ လိုင်းကခဏခဏ ပြတ် ပြတ်ကျ သွား၏၊ မိုးစက်မေ လက်ကိုင်ဖုံးလေးကို လက်မှာကိုင်ထားရင်း ခေါ်သံကြားတိုင်း ဧည့်သည်တွေနှင့် စကားပြောရာက အောက်ထပ်ဧည့်ခန်းမှ အပေါ်ထပ်ဝရံတာလေးဆီကို ကိုကိုနဲ့စကားပြောဖို့ အပြေးလေး တက် တက်သွားရသည်မှာ မောတောင်မောနေပါပြီ။

 

ဖုံးထဲမှာ မိုးစက်ရဲ့ အသံလေးက ဟိုးဝေးဝေးကသဲ့သဲ့လေးလာနေတဲ့ ပဲ့တင်သံလေးလို သူ ဘာမှလည်း သဲသဲကွဲကွဲ မကြားရပါ၊ မိုးစက် အသံလေးကို သူ နားထဲစွဲနေလို့သာ သိနေတာပါ၊ စိတ်ထဲကမကျေနပ်လို့ ဖုံးကိုဖြတ်ချလိုက်ပြီး နောက်တစ်လုံးနဲ့ထပ်ခေါ်လိုက်တော့ စောစောကပြောနေတဲ့ ဖုံးကိုဘဲ this number is not in used တဲ့၊ သေသာသေလိုက်ချင်တယ်လို့ ပြောရမလိုဖြစ်နေပါပြီ။

မကျေနပ်သေးဘူးထပ်ခေါ် ring tone မြည်တယ်၊ ကဒ်ထဲက balance ကိုစဝါးနေပါပြီ၊ မိုးစက်ကဖုံးမကိုင် ရသေး၊ သည်မှာ auto စနစ်ကရှိနေတော့ no answer ဆိုပြီး ဖြတ်ချလိုက်ပြန်ပါပြီ၊ ညရှစ်နာရီထဲက စခေါ်နေတာ သန်းခေါင်ကျော်လာပါပြီ၊ ring tone မြည်ပြီး balance ကိုဝါးလိုက်၊ ring tone မမြည်ဘဲ balance ကိုဝါးလိုက်နဲ့၊ မိုးစက် ဖုံးကိုင်တော့လည်း ဝါးဝါးလေး မသဲမကွဲ မိုးစက်မှန်းတော့ သူ သိနေတယ်၊ သူ မကျေနပ်လို့ ထပ်ဖြတ်ချ ထပ်ခေါ်၊ no answer လာလိုက်၊ number is not in used လာလိုက်၊ disconnected လာလိုက်၊ ring tone မြည်လိုက်နဲ့၊ လုံးလည်ချာလပတ်လိုက်နေပါတော့တယ်၊ နောက်ဆုံး ဘာမှစကားမှ ကောင်းကောင်းမပြောရသေးဘဲ သူ balance ကိုစစ်ကြည့်လိုက်တော့ ဖုံးနှစ်လုံးထဲမှာ balance တွေက တော်တော်ကျိုးနေပါပြီ။

 

မိုးစက်မေ ဧည့်သည်တွေကိုကြည့်ရင်း မျက်နှာလေးမဲ့မဲ့လေးဖြစ်လာ၏၊ လူရင်းတွေ ဆွေမျိုးရင်းချာတွေ ဆိုတော့ တော်တော်နှင့်မပြန်နိုင်ကြ၊ အခု အိမ်မှာပါ ညအိပ်ကြမယ်ဆိုတော့ ကိုကိုနဲ့ chatting ထိုင်လို့လဲ ဖြစ်မှာမဟုတ်တော့ပါဘူး၊ ကွန်ပြူတာကဧည့်ခန်းထဲမှာ ရှိနေတာလေ၊ မိုးစက်မေ အရမ်းကိုဝမ်းနည်းလာရင်း မျက်ဝန်းများမှ မျက်ရည်ကြည်လေးများစိမ့်ကျလာ၏။

 

သူ အင်တာနက်ကိုလည်း volume base နဲ့ဖွင့်ပြီး Gtalk ကနေ ညရှစ်နာရီထဲစစောင့်နေတာပါ၊ ဖုံးလည်း ဆက်လို့အဆင်မပြေ၊ Gtalk ကိုလည်းဝင်မလာတော့ စိုးရိမ်စိတ်တွေ ဝင်လာပါတယ်၊ ဆိုင်တာမဆိုင်တာ အပထား မိုးစက်များ သူ့ကို မုန်းသွားပြီလားလို့ပေါ့၊ ဟုတ်တယ်လေ disconneted ဆိုတာကြီးက ဖုံးထဲမှာ ပေါ်ပေါ်လာတာကိုး၊ မိုးစက် ကဘဲ သူ့ကို စကားမပြောချင်လို့ ဖြတ်ဖြတ်ချပစ်လိုက်တာလားလို့ပေါ့လေ၊ အမှန်တော့ မုန်းသွားရအောင်လည်း ဘာအကြောင်းမှလည်းမရှိပါဘူး၊ နေ့လည်ကဘဲ ဖုံးပြောလိုက်ရ သေးတယ်၊ ဒါပေမဲ့လေ ဒါပေမဲ့ပေါ့ သူစိတ်ပူနေပါတယ်။

ညနှစ်နာရီခွဲတော့ စိတ်လျှော့လိုက်တယ်၊ ဘာမှတော့မထူးဘူး ဆိုတဲ့ကဗျာလေးတစ်ပုဒ်ရေးပြီး အိပ်မက်မှာ တင်လိုက်ပါတယ်၊ အလွမ်းစိတ်ကိုဖြေတဲ့ သဘောမျိုးပါ၊ လေးနာရီကျော်လာတော့ အိပ်ချင်လာပြီ၊ ဘာမှ မသိတော့ပါဘူး အိပ်ချလိုက်ပါ တော့တယ်။

သည်နေ့က တနင်္ဂနွေဆိုတော့ နောက်ကျမှထလည်း ပြဿနာမရှိ၊ သူအိပ်ယာနိုးလာတော့ အခန်းထဲမှာ တွေ့တဲ့ ကိတ်မုန့်သုံးတုံးထဲက တစ်တုံးကိုစား၊ ရေသောက်၊ ပစ္စည်းတွေမှာဖို့ လူကြီးကပြောလို့ ပစ္စည်း စာရင်းလုပ် print out ထုတ်၊ သည်နေ့လဆန်းတစ်ရက်ဆိုတော့ ဖေဖော်ဝါရီလအတွက် daily work ကို print out ထုတ်၊ အားတော့ မိုးစက်မေ ဆီကို သူလှမ်းဖုံးဆက်လိုက်ပါတယ်။

 

မိုးစက်မေ ကိုကို့ဖုံးကို မျှော်နေတာကြာပြီ၊ ကိုကို့ဖုံးဝင်လာတော့ အပေါ်ထပ် ဝရံတာဆီကို အပြေးလေး တက်လာမိတယ်၊ နှုတ်ဖျားမှလည်း ဖုံးမချလိုက်နဲ့ဦးနော်လို့ အမောတကောပြောနေမိပါတယ်၊ ကိုကို သူမ အသံကိုကောင်းကောင်းကြားရဟန်၊ ကိုကို့စကားသံကို သူမနားထဲမှာမရိုးနိုင်အောင် ဖြစ်နေမိတာ အမှန်ပါ။

 

သူ သူမရဲ့ အသံလေးကို ကြည်ကြည်လင်လင်လေးကြားနေရပါတယ်၊ သူမ ငိုသံလေးတစ်ဝက်နဲ့ ရှင်းပြနေတာနားထောင်ရင်း သူလည်းဝမ်းနည်းလာပါတယ်၊ အမှန်တော့ ဘာမှလည်း မဟုတ်ပါ၊ သူ ဘာဖြစ်လို့ ညက အဲလိုကြီးဖြစ်သွားရတာကိုလည်း သူတွေးမရတော့ပါ။

 

ခံစားခဲ့ရတဲ့ တိတ်ဆိတ်နေတဲ့ညလေး တစ်ညရဲ့ အကြောင်းပါ။

မိုးစက်မေအတွက်မှတ်မှတ်ရရ။

No comments:

Post a Comment